Blog
[ January 22, 2022 by VarCamp 0 Comments ]

မြန်မာနိုင်ငံရဲ့ VARCAMP (2022)

ကမ္ဘာ့မှတ်တမ်းဝင် အစည်ကားဆုံး ဘားကမ့်ပွဲတွေ ကျင်းပနိုင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဒီနှစ်ထဲမှာလည်း အစဉ်အလာမပျက် ထူးထူးခြားခြား ဘားကမ့်ပွဲ တစ်ပွဲ ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။

ပြည်တွင်းမှာ ဘားကမ့် (BarCamp) လို့ခေါ်တဲ့ ဟောပြောဆွေးနွေးပွဲတွေကို ၂၀၁၀ ခုနှစ် ဘားကမ့်ရန်ကုန် ကနေ စတင် ကျင်းပပြုလုပ်ခဲ့ပြီး နောက်နှစ်တွေမှာလည်း အနယ်နယ် အရပ်ရပ်က မြို့ကြီးတွေနဲ့ တက္ကသိုလ်တွေမှာ နှစ်စဉ်ဆိုသလို ဘားကမ့်ပွဲပေါင်းများစွာ ကျင်းပပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ လုပ်ရင် ဘားကမ့်ရန်ကုန်၊ မန္တလေးမှာ လုပ်ရင် ဘားကမ့်မန္တလေး ဆိုပြီး ကျင်းပပြုလုပ်ရာ မြို့နာမည်နဲ့ တွဲဖက်ခေါ်ဝေါ် တတ်ကြပြီး တက္ကသိုလ်တွေမှာ လုပ်ရင်တော့ သက်ဆိုင်ရာ တက္ကသိုလ်နာမည်တွေနဲ့အတူ အမည်ပေး ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းမှာတော့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ဘားကမ့်ပွဲတွေ ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်မို့လို့ ဒီနှစ်မှာ အသစ်တဖန် ပြန်လည်မွေးဖွားလာတဲ့ ထူးထူးခြားခြား ဘားကမ့်ပွဲအကြောင်း မိတ်ဆက်မပေးခင်မှာ သိပြီးသားသူတွေရော၊ မသိသေးတဲ့သူတွေ အတွက်ပါ ဘားကမ့်အကြောင်း ပေါ့ပေါ့ပါးပါး အကျဉ်းချုပ်လေး ပြန်လည် ပြောပြချင်ပါတယ်။

ဘားကမ့် ဆိုတာ

တကယ်တော့ ဘားကမ့်ဆိုတာ နည်းပညာနဲ့ ဟောပြောပွဲလောကရဲ့ ရှိနှင့်နေတဲ့ အစဉ်အလာတစ်ချို့ကို ချိုးဖောက်ပြီး ပြုလုပ်ဖြစ်ခဲ့တဲ့ ပွဲတစ်မျိုးလို့ ပြောနိုင်မယ် ထင်ပါတယ်။

၂၀၀၃ ခုနှစ်လောက်က နည်းပညာလောကမှာ သြဇာတိက္ကမ ရှိတဲ့ O’Reilly Media ပိုင်ရှင် Tim O’Reilly က Foo Camp ဆိုပြီး နည်းပညာ ဟောပြောဆွေးနွေးပွဲ ပုံစံသစ်တစ်မျိုး စလုပ်ခဲ့ပါတယ်။ Foo Camp ဆိုတာ အစဉ်အလာ ဟောပြောပွဲတွေမှာလို ဘယ်သူက ဘယ်အကြောင်းအရာ ပြောမယ်ဆိုတာမျိုး ကြိုတင်ကြေညာထားတာ မဟုတ်ဘဲ တက်ရောက်လာသူတွေထဲကမှ အလျဉ်းသင့်သလို အကြောင်းအရာ ခေါင်းစဉ်တွေ ကြေညာပြီး ပြောဆိုဆွေးနွေးနိုင်ကြတဲ့ ပွဲမျိုးပါ။

ဒါပေမယ့် Tim O’Reilly လုပ်တဲ့ပွဲတွေဟာ လူတိုင်း ဝင်တက်၊ ဝင် နားထောင်လို့ ရတဲ့ပွဲမျိုး မဟုတ်ဘဲ ဖိတ်ကြားခံရသူ သီးသန့်ပဲ တက်ရောက်လို့ရတဲ့ပွဲတွေ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် ၂၀၀၅ ခုနှစ်မှာ အရင် Foo Camp တက်ခဲ့ဖူးသူတွေကနေ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ပါဝင် ပြောဆိုဆွေးနွေးနိုင်တဲ့ BarCamp ဆိုတဲ့ မူကွဲ ပွဲတစ်မျိုးကို စတင် ကျင်းပခဲ့ပါတယ်။ အဲဒီကစလို့ ကမ္ဘာတစ်ဝန်းမှာ BarCamp ပွဲတွေ ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် BarCamp ပွဲတွေဟာ နည်းပညာရပ်ဝန်းကသူတွေ အစပြုခဲ့တဲ့ပွဲမျိုး ဖြစ်ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ နယ်ပယ်ပေါင်းစုံ အကြောင်းအရာပေါင်းစုံနဲ့ တစ်စတစ်စ အကျုံးဝင် သက်ဆိုင်လာတဲ့ ပွဲတွေ ဖြစ်လာပါတော့တယ်။

ဒီနေရာမှာ Foo နဲ့ Bar ဆိုတဲ့ အသုံးအနှုန်းတွေဟာ ကွန်ပြူတာ ပရိုဂရမ်မာတွေ ကုဒ်ရေးရင် အလွယ်သုံးကြတဲ့ အမည်တွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။

ခုအခါမှာတော့ ဆွေးနွေးပြောဆိုကြတဲ့ နယ်ပယ်အလိုက် PhotoCamp, EduCamp, HealthCamp, WineCamp စသဖြင့် အမည်တပ်ကြတဲ့ ပွဲတွေလည်း ရှိလာကြပါတယ်။

ဘားကမ့် သဘောသဘာဝ

ဘားကမ့်ပွဲတွေမှာ ဘယ်သူက ဘာပြောမယ်လို့ ကြိုတင် ကြေညာထားတာမျိုး မရှိပါဘူး။

ဒါ့အပြင် ပွဲကိုလာ၊ တစ်နေရာရာမှာ တစ်နေကုန် ထိုင်၊ နားထောင်ပြီး ပြန်သွားရတတ်တဲ့ အစဉ်အလာ ဟောပြောပွဲလိုမျိုးလည်း မဟုတ်ပါဘူး။

ဘားကမ့်ပွဲတစ်ခုမှာ ဟောပြောဆွေးနွေးနိုင်တဲ့ အခန်း သို့မဟုတ် သတ်မှတ်နေရာတွေ လေးငါးဆယ်ခု ခွဲခြား စီစဉ် ပေးထားတတ်ပါတယ်။ ဖွင့်ပွဲပြီးပြီး ဆိုတာနဲ့ ဆိုင်ရာဆိုင်ရာ အခန်းတွေမှာ စိတ်ဝင်စားစရာ အကြောင်းအရာမျိုးစုံကို အချိန် အပိုင်းအခြားအလိုက် တစ်ပြိုင်နက်တည်း ပြောဆိုဆွေးနွေးကြတာမျိုး ဖြစ်ပါတယ်။

သက်ဆိုင်ရာ အခန်းတစ်ခန်းမှာ ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်း ဘယ်လို အကြောင်းအရာတွေ ဟောပြောဆွေးနွေးသွားဖို့ ရှိတယ်ဆိုတာကိုတော့ ပွဲစီစဉ်သူတွေ ထောင်တဲ့ ကြော်ငြာသင်ပုန်း (Topic Board) မှာ သွားကြည့်လို့ ရပါတယ်။ အဲဒီကမှ ကိုယ့်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဆွေးနွေးနေတဲ့ အခန်းကို အလွယ်တကူ သွားရောက် နားထောင်နိုင်ပါတယ်။

ဘားကမ့်ပွဲ တက်ရောက်လာသူတိုင်းကို ဘားကမ့်ပါ (BarCamper) လို့ သတ်မှတ်နိုင်ပါတယ်။ ဘယ်သူမဆို မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက် နားထောင်နိုင်တဲ့အပြင် အလျဥ်းသင့်သလို ဟောပြောဆွေးနွေးနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။

မိမိတို့ စိတ်ဝင်စားရာအခန်းမှာ အလွယ်တကူ ဝင်ရောက် နားထောင်နိုင်သလို ပွဲစီစဉ်သူများ စီစဉ်ပေးထားတဲ့ အခန်းတစ်ခုခုမှာ အချိန်အပိုင်းအခြားတစ်ခုစာ နေရာယူပြီးတော့ မိမိနှစ်သက်ရာ အကြောင်းအရာတစ်ခုကို ကိုယ်တိုင် ဦးဆောင်ဆွေးနွေးလို့လည်း ရပါတယ်။ တခြားသူများ ဦးဆောင်ဆွေးနွေးနေတဲ့ အကြောင်းအရာတစ်ခုမှာ သင့်တော်သလို ဝင်ရောက် ဆွေးနွေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

VARCAMP (2022)

VarCamp လို့ တမူထူးခြား နာမည်ပေးထားတဲ့ ဘားကမ့်ပွဲတစ်ပွဲကို လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။

လက်ရှိအချိန်မှာ မြေပြင် အခြေအနေတွေအရ  ဘားကမ့်ပွဲတွေကို ပုံမှန်အတိုင်း ကျင်းပဖို့ရာ အဆင်မပြေသေးတဲ့အတွက် အသင့်တော်ဆုံးဖြစ်နိုင်မယ့် အင်တာနက်ကနေတဆင့် Virtual ဘားကမ့်ပွဲအနေနဲ့ ထူးထူးခြားခြား ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “V”arCamp လို့ နာမည်ပေးရခြင်း ဖြစ်ပါတယ်။

VarCamp ကို မြန်မာနိုင်ငံတစ်ဝန်း နေရာဒေသ မရွေး၊ အသက်အရွယ် လူကြီးလူငယ် မရွေး ဘယ်သူမဆို အင်တာနက်ကနေ တဆင့် တက်ရောက် ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

Virtual ပြုလုပ်တဲ့ ဘားကမ့် ဆိုပေမယ့်လည်း မူလ ဘားကမ့်ပွဲတွေရဲ့ အနှစ်သာရအတိုင်း ခေတ်နဲ့အညီ ဖြစ်ပေါ်တိုးတက်နေတဲ့ နည်းပညာနယ်ပယ် အပါအဝင် နယ်ပယ်ပေါင်းစုံက အကြောင်းအရာမျိုးစုံကို ဝါသနာတူတွေနဲ့ မျှဝေနိုင်ဖို့၊ ချိတ်ဆက်နိုင်ဖို့၊ အသစ်အဆန်းတွေကို လေ့လာနိုင်ဖို့၊ လွယ်လင့်တကူ ဆွေးနွေး နှီးနှောဖလှယ် နိုင်ကြစေဖို့ ကြိုးစားစီစဉ်ထားပါတယ်။

မကြာမီ ရက်ပိုင်းမှာ VarCamp ရဲ့ တရားဝင် ဝဘ်ဆိုက်ကို လွှင့်တင်သွားမှာ ဖြစ်တဲ့အတွက် ပွဲနဲ့ သက်ဆိုင်တဲ့ အသေးစိတ် အချက်အလက်များကို ဝင်ရောက် ဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

VarCamp ကို တက်ရောက်ဖို့ စာရင်းသွင်းကြမယ့် BarCamper တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေ ရှိနေကြောင်းကိုလည်း ကြိုတင် သတင်းကောင်းပါးအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Leave a Reply